ပြိုင်ဘက်တွေနဲ့ အပြတ်အသတ် ကွာဟနေပြီး အနုတ်လက္ခဏာထွက်နေတဲ့ တန်ဟတ်ရဲ့ မန်ယူ

0

မန်ယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြတန်ဟတ်လက်ထက်မှာ တိုက်စစ်စွမ်းဆောင်ရည်ကျဆင်းနေသလို၊ ခံစစ်ကလည်း နောက်ဆုံးပွဲပြီးခါနီးအချိန်အထိ စိတ်မချရဘဲ ပြိုင်ဘက်အသင်းတွေကို ဂိုးတွေပေးနေရတာ မနည်းမနောပါပဲ။

ဒါကြောင့် ပရီးမီးယားလိဂ်မှာ အဓိကပြိုင်ဘက်အသင်းတွေနဲ့ နှိုင်းယှဉ်ရင် ရဂိုး/ပေးဂိုး စွမ်းဆောင်ရည်မှာ များစွာကျဆင်းနေပြီး ဂိုးကွာခြားမှုမှာလည်း ပြတ်ပြတ်သတ်သတ်ကွာဟနေတာကို မှတ်တမ်းတွေက ဖော်ပြနေပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ(၅၇)ပွဲရဲ့ဂိုးကွာခြားမှုတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မန်စီးတီးအသင်းက(+၉၃ ဂိုး)၊ လီဗာပူးလ်က(+၇၉ ဂိုး)၊ အာဆင်နယ်က(+၇၈ ဂိုး)ရှိနေပေမယ့် တန်ဟတ်ရဲ့မန်ယူနိုက်တက်အသင်းကတော့ (- ၁ ဂိုး)အဖြစ် အနုတ်ရလဒ်တောင် ပြန်ထွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ချန်ပီယံဆုကို စိန်ခေါ်နေတဲ့အသင်းတွေနဲ့ ဥရောပဝင်ခွင့်အတွက်တောင် ရုန်းကန်နေရတဲ့ မန်ယူနိုက်တက်အသင်းရဲ့အခြေအနေချင်းကွာဟမှုကို မိုးနဲ့မြေလိုကွာဟချက်ကြီးမားနေတဲ့ ပရီးမီးယားလိဂ်ဂိုးကွာခြားမှုကိန်းဂဏန်းတွေက သက်သေပြနေပါတယ်။

ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ရာသီစစချင်း(၃)ပွဲမှာ မန်စီးတီး၊ လီဗာပူးလ်အစရှိတဲ့အသင်းတွေက ဂိုးကွာခြားချက်(+ ၇)ဂိုးနဲ့ ရာသီအသစ်ကို စတင်ခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းကတော့ ရာသီသစ်ကို (၃)ပွဲအပြီး ဂိုးကွာခြားချက် (-၃ ဂိုး)နဲ့ စတင်ထားပါတယ်။

လက်ရှိနည်းပြတန်ဟတ်လက်ထက်ရောက်မှ မန်ယူနိုက်တက်အသင်းအနေနဲ့ ဂိုးကွာခြားချက်မှာ အနုတ်လက္ခဏာပြမှုတွေကို မကြာခဏတွေ့နေရပြီး အသင်းအနေနဲ့လည်း ပြီးခဲ့တဲ့ရာသီက အဆင့်(၈)နဲ့သာကျေနပ်ခဲ့ရပါတယ်။

ဒီရာသီမှာ (၃)ပွဲကစားအပြီး အဆင့်(၁၄)အထိ ရောက်ရှိနေတဲ့ မန်ယူနိုက်တက်အသင်းအနေနဲ့ ဒီလို အခြေအနေဆိုးတွေကိုတွန်းလှန်နိုင်မလား၊ နောက်ထပ် အနုတ်လက္ခဏာတွေထပ်ပြပြီး နွံနစ်သလို နစ်သထက်နစ်သွားမလားဆိုတာကတော့ အချိန်က အဆုံးအဖြတ်ပေးသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *