ဇွန်လထဲမှာ အန်ဖီးကွင်းကိုပြန်လာဦးမယ့် ယာဂန်ကလော့ပ်

0

ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့နည်းပြပိုချက်တီနိုက လာမယ့်ဇွန်လထဲမှာ ချယ်လ်ဆီးအသင်းရဲ့အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာမှာဖြစ်သလို လီဗာပူးလ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့နည်းပြယာဂန်ကလော့ပ်ကလည်း လာမယ့်ဇွန်လထဲမှာ လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းအန်ဖီးလ်ကို ပြန်လာမှာဖြစ်ပါတယ်။

လာပုံလာနည်းချင်းကတော့ ကွာခြားပါတယ်။

ပိုချက်တီနိုက UNICEF ရန်ပုံငွေပွဲတစ်ပွဲမှာ နည်းပြအဖြစ် ကိုင်တွယ်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်မြက်ခင်းပြင်ကို ခြေချရမှာဖြစ်ပြီး ယာဂန်ကလော့ပ်ကတော့ ဘောလုံးနဲ့ မပတ်သက်ဘဲ နာမည်ကြီး အဆိုတော် တေလာဆွစ်ဖ်ရဲ့တစ်ကိုယ်တော် ရှိုးပွဲကို ကြည့်ဖို့ အန်ဖီးကွင်းကို ပြန်လာမှာဖြစ်ပါတယ်။

ဥရောပတစ်ခွင်ကို ပတ်ပြီး Eras Tour အမည်နဲ့ ဂီတဖျော်ဖြေပွဲတွေ ပြုလုပ်နေတဲ့ တေလာဆွစ်ဖ်ဟာ လီဗာပူးလ်မြို့က အန်ဖီးလ်ကွင်းမှာ လာမယ့် ဇွန်(၁၃၊ ၁၄၊ ၁၅)ရက်တွေမှာ လာရောက်ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။

တေလာဆွစ်ဖ်ရဲ့ရှိုးပွဲကို သူ့ရဲ့ဇနီးဖြစ်သူနဲ့အတူ ကြည့်ရှုဖို့ စီစဉ်ထားကြောင်းနဲ့ ဒီရှိုးပွဲအတွက် လက်မှတ်ဝယ်ယူထားပြီးဖြစ်ကြောင်း ယာဂန်ကလော့ပ်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဒီရှိုးပွဲအတွက် လက်မှတ်တန်ဖိုးတွေကို ခုံနေရာအလိုက် သတ်မှတ်ထားပြီး အနိမ့်ဆုံး (၅၈)ပေါင်ကနေ အမြင့်ဆုံး(၁၈၃)ပေါင်အထိ ဈေးသတ်မှတ်ထားကြောင်း သိရပါတယ်။

ယာဂန်ကလော့ပ်အနေနဲ့ လီဗာပူးလ်အသင်းနည်းပြရာထူးက အနားယူပြီးချိန်မှာ တခြားအသင်းတစ်သင်းကို ချက်ချင်းမကိုင်တွယ်သေးဘဲ တစ်နှစ်ခန့်အနားယူဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သတင်းတချို့ကလည်း သူ့ရဲ့အသင်းဟောင်း ဒေါ့မွန်အသင်းကို အသင်းဒါရိုက်တာရာထူးနဲ့ (သို့မဟုတ်)အသင်းဥက္ကဋ္ဌအဖြစ်နဲ့ ပြန်လာဖွယ်ရှိတယ်လို့ ဖော်ပြနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *