ချန်ပီယံလိဂ်သမိုင်းမှာ တစ်နိုင်ငံတည်းက အများဆုံးအဖြစ် အီတလီကလပ်(၆)သင်းအထိ ပါဝင်လာနိုင်တဲ့ ရာသီ

0

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲက စီးရီးအေကလပ်အသင်း(၆)သင်းအထိ ပါဝင်လာမယ့် အလားအလာရှိနေပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ အတ္တလန်တာအသင်းဗိုလ်စွဲခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို အတ္တလန်တာအသင်းက ယူရိုပါလိဂ်ချန်ပီယံအဖြစ် တိုက်ရိုက်ဝင်ခွင့်ရခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်တွေမှာ လက်ရှိချန်ပီယံလိဂ်ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းတွေကို နောက်ရာသီ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ တိုက်ရိုက်ဝင်ခွင့်ပေးတာဖြစ်ပါတယ်။

ဒီရာသီ ဥရောပအဆင့်သတ်မှတ်ချက်(UEFA Coefficient)ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အီတလီနဲ့ ဂျာမနီတို့ကို မူလကတည်းက လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အပိုဝင်ခွင့်တစ်နေရာပေးထားပြီး စီးရီးအေနဲ့ ဘွန်ဒစ်လီဂါက အဆင့်(၅)နေရာအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်ပါတယ်။

လက်ရှိမှာ အတ္တလန်တာအသင်းက စီးရီးအေအဆင့်(၅)နေရာမှာ ရပ်တည်နေပြီး ရာသီကုန်ဆုံးချိန်မှာ အဆင့်(၅)အတွင်းဝင်ဖို့က သေချာသလောက်ရှိနေပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်တွေအတွက် ရေးဆွဲထားတဲ့ဖြစ်နိုင်ခြေ သီအိုရီတွေအရ တကယ်လို့ အတ္တလန်တာက စီးရီးအေအဆင့်(၅)နေရာမှာ ရပ်တည်ခဲ့မယ်ဆိုရင် စီးရီးအေပြိုင်ပွဲက အတ္တလန်တာအသင်းရဲ့ဝင်ခွင့်တစ်နေရာက အဆင့်(၆)အသင်းစီရောက်လာမယ်လို့ သိရပါတယ်။

လက်ရှိ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့်(၆)နေရာရဖို့ သေချာသလောက်ရှိနေတာက ရိုးမားအသင်းဖြစ်ပြီး အတ္တလန်တာက အဆင့်(၅)နေရာရခဲ့ရင် ရိုးမားအသင်းက ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်တစ်နေရာကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်တာမီလန်၊ အေစီမီလန်၊ ဘိုလော့နာ၊ ဂျူဗင်တပ်စ်၊ အတ္တလန်တာ အသင်းတို့နဲ့အတူ ရိုးမားအသင်းပါ ပါဝင်ဆင်နွှဲခွင့်ရဖို့ အခွင့်အရေးရှိနေပြီး တကယ်လို့ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ တစ်ရာသီအတွင်း တစ်နိုင်ငံတည်းက ကလပ်အသင်းအများဆုံးပါဝင်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

အရင်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်နိုင်ငံတည်းက အသင်းအများဆုံးပါဝင်မှုအဖြစ် (၅)သင်းသာ ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

တကယ်လို့ အတ္တလန်တာက စီးရီးအေအဆင့်(၅)နေရာမှာမရပ်တည်ဘဲ အဆင့်(၃၊ ၄)နေရာတွေမှာ ရပ်တည်ခဲ့မယ်ဆိုရင် ဝင်ခွင့်သတ်မှတ်ချက်တွေအရ ရိုးမားအသင်းအစား ပေါ်တူဂီလိဂ်က ဘင်ဖီကာအသင်းဝင်ခွင့်ရသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *