ယူရို- ၂၀၂၄ ပြိုင်ပွဲပြီးရင် နိုင်ငံတကာကစားသမားဘဝက အနားယူတော့မယ့် ဂျရုး

0

အေစီမီလန်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အိုလီဗာဂျရူးက ယူရို-၂၀၂၄ ပြိုင်ပွဲပြီးရင် လက်ရွေးစင်အသင်းက သူအနားယူတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂျရူးဟာ ပြင်သစ်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူဖြစ်သလို၊ လက်ရှိပြင်သစ်အသင်းက ကစားသမားတွေထဲမှာလည်း ပွဲအများဆုံးကစားထားတဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဂျရူးဟာ ပြင်သစ်အသင်းအတွက် နိုင်ငံတကာဂိုး(၅၇)ဂိုးသွင်းယူပေးထားပြီး နိုင်ငံတကာပွဲ(၁၃၁)ပွဲ ကစားထားတာဖြစ်ပါတယ်။

ပြင်သစ်အသင်းသမိုင်းတစ်လျှောက်မှာ ပွဲအများဆုံးကစားထားတဲ့ လက်ရွေးစင်ဂိုးသမားဟောင်း ဟူဂိုလိုရစ်ဟာ နိုင်ငံတကာပွဲ(၁၄၅)ပွဲ ကစားပြီးစံချိန်တင်ထားတာကြောင့် ဂျရူးအနေနဲ့ ဒီစံချိန်ကို လိုက်မီဖို့ (၁၄)ပွဲသာ လိုတော့တာဖြစ်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲပြီးဆုံးချိန်မှာ အနားယူမယ်ဆိုရင် ဒီစံချိန်ကို ရိုက်ချိုးနိုင်မယ့်အခွင့်အရေးကို စွန့်လွှတ်ရမှာဖြစ်ပေမယ့် ဂျရူးက ဒါကို လက်လွှတ်ခံမှာဖြစ်ပြီး နိုင်ငံတကာကစားသမားဘဝကို အဆုံးသတ်တော့မှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။

ပြင်သစ်အသင်းသမိုင်းမှာ ဂျရူးက လိုရစ်(၁၄၅ ပွဲ)၊ လီလီယန်သူရမ်(၁၄၂ ပွဲ)တို့နောက်မှာ (၁၃၁)ပွဲနဲ့ ရပ်တည်နေတာဖြစ်ပြီး သူ့နောက်မှာ လက်ရှိပြင်သစ်လက်ရွေးစင်အသင်းရဲ့အဓိက တိုက်စစ်မှူး ဂရီးဇ်မန်း(၁၂၇ ပွဲ)ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *