FA ဖလားဗိုလ်လုပွဲမှာ နှစ်(၂၀)ကျော်ကြာမှ ပြန်ပေါ်ထွက်လာတဲ့ ဆယ်ကျော်သက် ဂိုးသွင်းသူ ဂါနာချိုနဲ့ မိုင်နူး

0

၂၀၀၄ FA ဖလားပြိုင်ပွဲမှာ မန်ယူနိုက်တက်အသင်းက မီဝေါလ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရဗိုလ်စွဲတော့ မန်ယူနိုက်တက်အသင်းအတွက် အသက်(၁၉)နှစ်အရွယ်ပေါ်တူဂီလူငယ်တောင်ပံကစားသမားစီရော်နယ်ဒိုက အဖွင့်ဂိုးသွင်းပေးခဲ့ပါတယ်။

စီရော်နယ်ဒိုနောက်ပိုင်း ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲတွေမှာ ဆယ်ကျော်သက် (Teens = အသက် ၂၀ နှစ်အောက်)ကစားသမားတွေက ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ မနေ့က FA ဖလားဗိုလ်လုပွဲမှာ ဆက်ကျော်သက်ဂိုးသွင်းသူနှစ်ဦးပေါ်ထွက်လာခဲ့တာပါ။

မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် ပထမဂိုးကို ပွဲချိန်(၃၀)မိနစ်မှာ သွင်းယူခဲ့တဲ့ ဂါနာချိုနဲ့ ပွဲချိန်(၃၉)မိနစ်မှာ သွင်းယူခဲ့တဲ့ မိုင်နူးတို့ နှစ်ဦးစလုံးက အသက်(၁၉)နှစ်အရွယ်သာရှိကြသေးတာကြောင့် FA ဖလားဗိုလ်လုပွဲတွေမှာ နှစ်(၂၀)​ကြာမှ
ဂိုးပြန်သွင်းနိုင်ကြတဲ့ ဆယ်ကျော်သက်ကစားသမားတွေ ဖြစ်လာပါတယ်။

ဒီနိုင်ပွဲကြောင့် ဒီရာသီပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့်(၈)နဲ့ အဆုံးသတ်ခဲ့ရတဲ့ မန်ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး ဒီရာသီ အဆင့်(၆)ရထားတဲ့ ချယ်လ်ဆီးအသင်းက ယူရိုပါကွန်းဖရန့်လိဂ်မှာသာ ကစားရတော့မှာပါ။

တကယ်လို့ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းသာ အနိုင်ရခဲ့ရင် ချယ်လ်ဆီးအသင်းက ယူရိုပါလိဂ်မှာ ကစားခွင့်ရမှာဖြစ်ပြီး နယူးကာဆယ်အသင်းက ယူရိုပါကွန်းဖရန့်လိဂ်မှာ ကစားခွင့်ရမှာဖြစ်ပေမယ့် မန်ယူနိုက်တက်ဗိုလ်စွဲခဲ့တာကြောင့် အပြောင်းအလဲဖြစ်ခဲ့ပြီး အဆင့်(၇)နေရာက နယူးကာဆယ်အသင်းပါ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *