Youtuber Speed လောက်တောင်နေရာပေးမခံရလို့ အသင်းအပေါ် မန်ယူနိုက်တက်ဝန်ထမ်းတွေ မကျေနပ်

0

မန်ယူနိုက်တက်အသင်းက ဝန်ထမ်းအတော်များများဟာ အသင်းတာဝန်ရှိသူတွေရဲ့ အဆင့်အတန်းခွဲခြားမှုနဲ့ သူတို့အပေါ်အရေးတယူမပြုဘဲ လျစ်လျူရှုဆက်ဆံခြင်းအပေါ် မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ FA ဖလားဗိုလ်လုပွဲအပြီး ပါတီပွဲကို မန်ယူနိုက်တက်အသင်းက အောက်ခြေဝန်ထမ်းတွေ တက်ရောက်ခွင့်မရခဲ့ဘဲ အသင်းထိပ်တန်းတာဝန်ရှိသူတွေပဲ တက်ခွင့်ရခဲ့ပါတယ်။

အရင်ကဆိုရင် ဒီလိုဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုရခဲ့ရင် အသင်းကဝန်ထမ်းတွေကို ပျော်ပွဲရွှင်ပွဲကျင်းပပေးပြီး မန်ယူနိုက်တက်တစ်သင်းလုံး ပျော်မြူးခဲ့ကြပါတယ်။ အခုနှစ်မှာတော့ မန်ယူအသင်းရှယ်ယာရှင် ဂျင်မ်ရတ်ကလစ်ဖ်နဲ့ သူ့ရဲ့INEOS Group တာဝန်ရှိသူတွေက အသင်းကုန်ကျစရိတ်တွေ လျှော့ချဖို့ အကြောင်းပြပြီး ဝန်ထမ်းတွေကို ပျော်ပွဲရွှင်ပွဲကျင်းပပေးဖို့ကိစ္စကို ပယ်ဖျက်ခဲ့ပါတယ်။

Marriott Hotel မှာ ကျင်းပတဲ့ FA ဖလားပါတီပွဲကို အသင်းဝန်ထမ်းအများစုတက်ရောက်ခွင့်မရခဲ့ပေမယ့် အသင်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အမေရိကန်လူမျိုး YouTuber IShowSpeed တက်ရောက်လာတာကို တွေ့ခဲ့ရပါတယ်။

ဆိုရှယ်မီဒီယာမှာ ကျော်ကြားပြီး Speed လို့ အမည်ရတဲ့ ရက်ပ်ပါ ဂျက်ဆန်ဝက်ကင်စ်ဟာ ဒီပါတီပွဲမှာ အငြိမ်မနေဘဲ
သူ့ထုံးစံအတိုင်း ကစားသမားတွေနဲ့ အောင်ပွဲခံတာ၊ နည်းပြဖြစ်သူ၊ အသင်းတာဝန်ရှိသူတွေနဲ့ ဓါတ်ပုံတွဲအရိုက်ခံတာတွေ ပြုလုပ်ခဲ့ပါတယ်။

နောက်ပြီး ဒီပါတီပွဲမှာ သူပျော်မြူးနေတဲ့ပုံတွေ၊ ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ဝေရာမှာတော့ ဒီပါတီပွဲတက်ခွင့်မရခဲ့တဲ့ မန်ယူနိုက်တက်ဝန်ထမ်းတွေကို ဒေါသထွက်စေခဲ့ပါတယ်။

ဗြိတိန်သတင်းစာ Daily Mail ရဲ့ဖော်ပြချက်အရ ဒီပါတီပွဲမှာ Speed ဟာ မန်ယူနိုက်တက် တိုက်စစ်မှူးဂါနာချိုရဲ့ဧည့်သည်တစ်ဦးအဖြစ်တက်ရောက်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မန်စီးတီးအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာလည်း မန်ယူနိုက်တက်အသင်းအနေနဲ့ အသင်းဝန်ထမ်းတွေကို ပွဲကြည့်ခွင့်လက်မှတ်တွေ တစ်ယောက်တစ်စောင်စီပေးခဲ့ပေမယ့် လန်ဒန်မြို့ကိုသွားတဲ့ ဘတ်စ်ကားကို အလကားပေးမစီးဘဲ ဝန်ထမ်းတစ်ဦးကို ကားခပေါင်(၂၀)စီကောက်ခံခဲ့ပါတယ်။ ဒါ့အပြင် အရင်တုန်းကလို အကျွေးအမွေး အစီအစဉ်လည်း မပါဝင်တော့တာကြောင့် ဝန်ထမ်းတွေအနေနဲ့ မန်ယူနိုက်တက်အသင်းရဲ့ (မိမိဝန်ထမ်းတွေအပေါ်) စေတနာနည်းပါးမှုကို မကျေမနပ်ဖြစ်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ဝန်ထမ်းအများစု တက်ရောက်ခွင့်မရခဲ့တဲ့ ပါတီပွဲကို YouTuber IShowSpeed တက်ရောက်လာခဲ့တဲ့အပေါ် မန်ယူနိုက်တက်ဝန်ထမ်းတွေက မကျေမနပ်ဖြစ်နေကြပြီး မန်ယူနိုက်တက်အသင်းက မိမိဝန်ထမ်းတွေကို သူ့လောက်တောင် အရေးတယူပြုခြင်းမရှိဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *