ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြိုင်ဘက်ဒေါ့မွန်ထက် ဗိုလ်စွဲဖို့ နှစ်ဆနီးပါးဖြစ်နိုင်ခြေရှိနေတဲ့ ရီးရဲလ်

0

မနက်ဖြန်ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်အသင်းက ချန်ပီယံဖြစ်ဖို့ အခွင့်အရေးဘယ်လောက်ရှိသလဲဆိုတာကို Opta ကွန်ပြူတာက အသေးစိတ်ကိန်းဂဏန်းတွေနဲ့ ထုတ်ပြန်ပေးခဲ့ပါတယ်။

ဘောလုံးအချက်အလက်တွေကို ပုံမှန်ထုတ်ပြန်ပေးနေတဲ့ Opta က စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံဖြစ်မယ့် ဖြစ်နိုင်ခြေကို (၆၄.၂%)အထိ သတ်မှတ်ထားပြီး ဂျာမန်ကလပ်ဒေါ့မွန်အသင်း ချန်ပီယံဖြစ်မယ့် ဖြစ်နိုင်ခြေကို (၃၅.၈%)အထိ သတ်မှတ်ထားတာပါ။

ဒါကြောင့် ချန်ပီယံလိဂ်ဘုရင်လို့ သတ်မှတ်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေက ဂျာမန်ကလပ်ထက် နှစ်ဆနီးပါး မြင့်မားနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒီလို ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းမြင့်မားစွာ ထားရှိရတာက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမားစုဖွဲ့မှု၊ ခြေစွမ်းတွေကြောင့် ဖြစ်သလို၊ ချန်ပီယံလိဂ်ခေတ်မှာ ဗိုလ်လုပွဲတွေရောက်တိုင်း တစ်ကြိမ်မှ မရှုံးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အစဉ်အလာကောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၁၉၉၂ မှာ စတင်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဗိုလ်လုပွဲကို (၈)ကြိမ်တက်ရောက်ခဲ့ဖူးပြီး တက်ရောက်ခဲ့တဲ့အကြိမ်တိုင်းမှာ တစ်ပွဲမှ မရှုံးခဲ့ဘဲ ချန်ပီယံဖြစ်ခဲ့တာပါ။

၁၉၉၈၊ ၂၀၀၀၊ ၂၀၀၂၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၂၂ ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီ(၈)ကြိမ်လုံး ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အရင် ဥရောပဖလားပြိုင်ပွဲ(European Cup)အမည်နဲ့ ကျင်းပတုန်းကသာ ဗိုလ်လုပွဲတက်ရောက်မှု (၉)ကြိမ်မှာ (၃)ကြိမ်သာ ရှုံးခဲ့ဖူးတာပါ။

ဒေါ့မွန်အသင်းကတော့ ဥရောပဖလားပြိုင်ပွဲခေတ်မှာ ဗိုလ်လုပွဲတစ်ကြိမ်မှ မရောက်ဖူးဘဲ ချန်ပီယံလိဂ်ခေတ်မှာတော့ ဗိုလ်လုပွဲ(၂)ကြိမ်(၁၉၉၇၊ ၂၀၁၃)တက်ရောက်ရာမှာ တစ်ကြိမ်ချန်ပီယံဖြစ်ပြီး တစ်ကြိမ် ဒုတိယရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *