နောက်ဆုံး(၄)ရာသီဆက်တိုက် (၁-၀) ဂိုးရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ချန်ပီယံလိဂ် ဗိုလ်လုပွဲများ

0

ဥရောပကလပ်အသင်းဘောလုံးလောကရဲ့အဆင့်အမြင့်ဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထူးခြားမှုတစ်ခုက နောက်ဆုံး(၄)ရာသီဆက်တိုက် အနိုင်ရဗိုလ်စွဲတဲ့အသင်းတွေက ဗိုလ်လုပွဲမှာ (၁-ဝ)ဂိုးရလဒ်နဲ့သာ အနိုင်ရခဲ့ကြတာပါပဲ။

ဒါ့အပြင် နောက်ဆုံး(၅)ရာသီဆက်တိုက်မှာ ချန်ပီယံအသင်းက ဂိုးသွင်းပြီး ဒုတိယရတဲ့အသင်းက ဂိုးမသွင်းနိုင်တဲ့ တစ်ဖက်သတ် Clean-Sheet ဗိုလ်လုပွဲ(၅)ပွဲဆက်ကိုလည်း ပရိသတ်တွေ တွေ့ခဲ့ရပါတယ်။

နောက်ဆုံးချန်ပီယံလိဂ်ဗိုလ်လုပွဲ(၅)ကြိမ်ကို ပြန်ကြည့်ရင်အောက်ပါအတိုင်းတွေ့ရမှာပါ။

■ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းက စပါးအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်အတွက် အနိုင်ဂိုး(၂)ဂိုးကို ဆာလာ(၂ မိနစ်၊ Pen)နဲ့ အော်ရီဂီ(၈၇ မိနစ်)တို့က သွင်းယူခဲ့ပါတယ်။

■ ၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းက PSG အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သူက ကိုးမန်း(၅၉ မိနစ်)ဖြစ်ပါတယ်။

■ ၂၀၂၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းက မန်စီးတီးအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သူက ကိုင်ဟာဗက်ဇ်(၄၂ မိနစ်)ဖြစ်ပါတယ်။

■ ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူးလ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သူက ဗင်နီစီယပ်စ်(၅၉ မိနစ်)ဖြစ်ပါတယ်။

■ ၂၀၂၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းက အင်တာမီလန်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သူက ရိုဒရီ(၆၈ မိနစ်)ဖြစ်ပါတယ်။

ဒါကြောင့် ဒီဘက်နှစ်ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ နှစ်သင်းပေါင်းသွင်းဂိုး သိသိသာသာလျော့နည်းသွားတာကို တွေ့မြင်ရမှာဖြစ်ပြီး ဒီနှစ်ဗိုလ်လုပွဲမှာရော ဒီအစဉ်အလာ ရှေ့ဆက်မလား … နှစ်သင်းအပြန်အလှန်ဂိုးတွေသွင်းပြီး ဂိုးများတဲ့ ဗိုလ်လုပွဲဖြစ်မလားဆိုတာကိုတော့ ဒီည အဖြေရှာရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *