ကိုပါအမေရိကပြိုင်ပွဲ ကစားခွင့်ရပေမယ့် အိုလံပစ်ပြိုင်ပွဲမှာ ကစားခွင့်မရမယ့် ဂါနာချို

0

မန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့အာဂျင်တီးနားလူငယ်တိုက်စစ်မှူးဂါနာချိုကို ကိုပါအမေရိကပြိုင်ပွဲမှာ ကစားခွင့်ပေးသွားမှာ ဖြစ်ပေမယ့် နွေရာသီအိုလံပစ်ပြိုင်ပွဲကိုတော့ ကစားခွင့်မပြုဘဲ တားဆီးပိတ်ပင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ကိုပါအမေရိကပြိုင်ပွဲကို အခု ဇွန်လ(၂၀)ရက်နေ့ကနေ ဇူလိုင်(၁၄)ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး အာဂျင်တီးနားအသင်းက အုပ်စုအဆင့်မှာ ပီရူး၊ ချီလီ၊ ကနေဒါအသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ အသက်(၁၉)နှစ်အရွယ် ဂါနာချိုကို အာဂျင်တီးနားအသင်းကြီးနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲမှာ ကစားခွင့်ပြုသွားမှာဖြစ်ပေမယ့် အိုလံပစ်ပြိုင်ပွဲမှာတော့ မပါဝင်စေဖို့ အတတ်နိုင်ဆုံးတားဆီးသွားမယ်လို့ ဆိုပါတယ်။

ပါရီအိုလံပစ်ပြိုင်ပွဲကို ကိုပါအမေရိကပြိုင်ပွဲအပြီး နောက် (၁၂)ရက်အကြာ ဇူလိုင်(၂၆)ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ အိုလံပစ် ဘောလုံးပြိုင်ပွဲတွေကတော့ ထုံးစံအတိုင်း အိုလံပစ်ဖွင့်ပွဲထက် (၂)ရက်စောပြီး ဇူလိုင်(၂၄)ရက်နေ့ကတည်းက ကျင်းပမှာပါ။

မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ဂါနာချိုကို အဓိကနိုင်ငံတကာပြိုင်ပွဲကြီး နှစ်ခုဆက်တိုက်ကစားတာ အလိုမရှိဘဲ ကိုပါအမေရိကပြိုင်ပွဲပြီးရင် အနားယူချိန်ရစေဖို့အတွက် အိုလံပစ်ပြိုင်ပွဲကို လွဲချော်စေဖို့ ဆန္ဒရှိနေတာပါ။

ဒါ့အပြင် အိုလံပစ်ဘောလုံးပြိုင်ပွဲက သြဂုတ်(၁၀)ရက်နေ့မှ ပြီးမှာဖြစ်တာကြောင့် မန်ယူနိုက်တက်အသင်းရဲ့လာမယ် ရာသီကြိုပြင်ဆင်မှုတွေမှာ ဂါနာချိုမပါဝင်နိုင်မှာ မန်ယူနိုက်တက်အသင်းက စိုးရိမ်နေတာပါ။

ဂါနာချိုဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ(၅၀)ပွဲအထိ ကစားခဲ့ရပြီး သူ့အနေနဲ့ နွေရာသီကာလတစ်လျှောက်လုံး အနားယူချိန်မရှိမှာကို မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက စိုးရိမ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *