စိတ်ပျက်စရာ အိမ်ကွင်းရလဒ်ဆိုးတွေနဲ့ ယူရို-၂၀၂၄ အိမ်ရှင် ဂျာမနီအသင်း

0

ဂျာမနီလက်ရွေးစင်အသင်းအနေနဲ့ အိမ်ရှင်အဖြစ်ကျင်းပမယ့် ယူရိုပြိုင်ပွဲမတိုင်ခင် အိမ်ကွင်းရလဒ်တွေက စိတ်ပျက်စရာဖြစ်နေပါတယ်။

အိမ်ရှင်အခွင့်အရေးအပြည့်အဝယူပြီး ဒီယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရအောင် ကြိုးစားရမှာဖြစ်ပေမယ့် ဂျာမနီအသင်းရဲ့အိမ်ကွင်းရလဒ်တွေက ဆိုးရွားနေတာကြောင့် ပရိသတ်တွေအတွက်လည်း စိတ်ဓါတ်ကျစရာ ဖြစ်နေရပါတယ်။

ယူကရိန်း(၀-၀)ဂျာမနီ ခြေစမ်းပွဲ

ပြီးခဲ့တဲ့တစ်နှစ်အတွင်း ဂျာမနီအသင်းဟာ အိမ်ကွင်းမှာ နိုင်ငံတကာခြေစမ်းပွဲ(၇)ပွဲကစားခဲ့ပါတယ်။ နိုင်ပွဲက (၂)ပွဲသာရှိပြီး နိုင်ပွဲပျောက်တာ(၅)ပွဲအထိ ရှိခဲ့ပါတယ်။

ဒီနိုင်ပွဲပျောက်တဲ့(၅)ပွဲက ကိုလံဘီယာကို (ဝ-၂)ဂိုးနဲ့ရှုံး၊ ဂျပန်ကို (၄-၁)ဂိုးနဲ့ရှုံး၊ တူရကီ(၂-၃) ဂိုးနဲရှုံးခဲ့ပြီး ယူကရိန်းကို (၃-၃)ဂိုးနဲ့တစ်ပွဲ၊ (ဝ-၀)ဂိုးနဲ့ တစ်ပွဲသရေကျခဲ့တာပါ။

ထူးခြားတာကတော့ အိမ်ကွင်းမှာ ကိုလံဘီယာ၊ ဂျပန်၊ တူရကီအသင်းတွေကို ရှုံးပြီး ယူကရိန်းကို အနိုင်မကစားနိုင်တဲ့ ဂျာမနီအသင်းဟာ ပြင်သစ်၊ နယ်သာလန်အစရှိတဲ့အသင်းတွေကိုတော့ (၂-၁)ဂိုးရလဒ်တွေနဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ဂျာမနီအသင်းရဲ့ရလဒ်တွေက ရင်လေးစရာဖြစ်နေပြီး ကစားခဲ့တဲ့ အိမ်ကွင်း/အဝေးကွင်း ခြေစမ်းပွဲ(၁၂)ပွဲမှာ ရှုံးပွဲက (၅)ပွဲအထိ ရှိခဲ့ပါတယ်။ ၂၀၂၃ စက်တင်ဘာလအတွင်း ရှုံးပွဲတွေဆက်နေတဲ့ နည်းပြဟန်ဆီဖလစ်နေရာမှာ လက်ရှိနည်းပြ နာဂယ်စမန်းက ပြောင်းလဲတာဝန်ယူခဲ့ပေမယ့် အသင်းရဲ့ရလဒ်တွေက သိသိသာသာ တိုးတက်မလာခဲ့ဘဲ နာဂယ်စမန်းလက်ထက် (၇)ပွဲမှာလည်း နိုင်ပွဲပျောက်တာ(၄)ပွဲ(၂ ပွဲသရေ၊ ၂ ပွဲရှုံး)အထိ ရှိနေပါတယ်။

ဒါကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာရော ဂျာမနီအသင်းအနေနဲ့ အခြေအနေကောင်းနိုင်ပါ့မလား။ ယူရို- ၁၉၉၆ ပြိုင်ပွဲနောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံဆုကို ပြန်လည်ရယူဖို့မျှော်မှန်းနေပေမယ့် ဖြစ်လာနိုင်ပါ့မလားဆိုတာ ပရိသတ်တွေထံက သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခံနေရတယ်လို့ ဆိုရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *