နိုင်ငံတကာဘောလုံးလောကကနေ အနားယူသွားတဲ့ အိန္ဒိယမက်ဆီ သို့မဟုတ် ချက်ထရီ

0

နိုင်ငံတကာဘောလုံးလောကမှာ ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်လ်ဒို၊ အီရန်တိုက်စစ်မှူးအလီဒါယီ၊ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီတို့အပြီး စတုတ္ထအများဆုံးအဖြစ် မှတ်တမ်းဝင်ထားတဲ့ အိန္ဒိယဝါရင့်တိုက်စစ်မှူးဆူနေးလ်ချက်ထရီ(၃၉ နှစ်)ဟာ မနေ့က ကစားခဲ့တဲ့ (၂၀၂၆)ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲ အိန္ဒိယ(ဝ-၀)ကူဝိတ်ပွဲအပြီးမှာ နိုင်ငံတကာဘောလုံးလောကက အနားယူသွားခဲ့ပါတယ်။

ချက်ထရီဟာ အိန္ဒိယလက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်းဆုံတွေ့တဲ့နိုင်ငံတကာပွဲတွေမှာ မြန်မာအသင်းဘက်ကို ဂိုးတွေအကြိမ်ကြိမ်သွင်းယူခဲ့ဖူးသူဖြစ်ပြီး မြန်မာဘောလုံးပရိသတ်နဲ့လည်း မစိမ်းသူဖြစ်ပါတယ်။

ချက်ထရီဟာ အိန္ဒိယဘောလုံးသမိုင်းမှာ နှစ်ရှည်လများ အဓိကတိုက်စစ်မှူးတစ်ဦးအဖြစ် ကစားခဲ့သလို ဂိုးသွင်းကောင်းတဲ့သူတစ်ဦးလည်းဖြစ်တာကြောင့် အိန္ဒိယမက်ဆီလို့ တင်စားခေါ်ဝေါ်ခံရသူ ဖြစ်ပါတယ်။

ချက်ထရီဟာ အိန္ဒိယလက်ရွေးစင်အသင်းအတွက် ၂၀၀၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ နိုင်ငံတကာပွဲပေါင်း(၁၅၁)ပွဲကစားပြီး (၉၄)ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့နိုင်ငံတကာဂိုးသွင်းနှုန်း(တစ်ပွဲပျမ်းမျှ ဝ.၆၂၃ ဂိုး)က ရော်နယ်လ်ဒို(၁၂၈ ဂိုး/တစ်ပွဲပျမ်းမျှ ဝ.၆၂၁ ဂိုး)၊ မက်ဆီ(၁၀၆ ဂိုး/တစ်ပွဲပျမ်းမျှ ဝ.၅၈၉ ဂိုး)တို့ထက်တောင် ပိုကောင်းနေတာကို တွေ့ရမှာပါ။

လက်ရှိမှာ အိန္ဒိယကလပ်ဘန်ဂါလူရူအတွက် ကစားပေးနေတဲ့ ချက်ထရီအနေနဲ့ ကလပ်အသင်းဘောလုံးလောကမှာတော့ ဆက်လက်ကစားသွားမှာဖြစ်ပြီး သူ့အနေနဲ့ လာမယ့် သြဂုတ်(၃)ရက်နေ့ကျရင် အသက်(၄၀)နှစ်ပြည့်မှာ ဖြစ်တာကြောင့် အသက်(၄၀)ကျော်သည်အထိ ဘောလုံးဆက်ကစားဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *