လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်လက်ကျင့်သုံးဖို့ ကန့်ကွက်မဲ (၁) မဲနဲ့ ထောက်ခံမဲ (၁၉) မဲ ရခဲ့တဲ့ VAR

0

ပြီးခဲ့တဲ့ရာသီက VAR ရဲ့လွဲမှားတဲ့ဆုံးဖြတ်ချက်တွေကြောင့် ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ရမှတ်အများဆုံး ဆုံးရှုံးခဲ့ရတဲ့ ဝုလ်ဗ်စ်အသင်းက ဦးဆောင်ပြီး ပရီးမီးယားလိဂ်မှာ ဗီဒီယိုအထောက်အကူပြု ဒိုင်လူကြီးစနစ် (VAR စနစ်) ပယ်ဖျက်ရေးအဆိုတင်သွင်းခဲ့တာကို မနေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပရီးမီးယားလိဂ်ရှယ်ယာရှင်များနှစ်ပတ်လည်အထွေထွေအစည်းအဝေးမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်း(၂၀)သင်းက အသင်းတာဝန်ရှိသူတွေ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး VAR ဆက်လက်ထားရှိရေးဘက်က မဲအပြတ်အသတ်အသာရခဲ့တာကြောင့် ဒီစနစ်ကို ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

မဲခွဲမှုမှာ VAR ပယ်ဖျက်ရေးအဆိုဘက်က တစ်မဲသာရခဲ့ပြီး VAR ဆက်လက်ထားရှိရေးအတွက် ကလပ်အသင်း(၁၉)သင်းက ထောက်ခံမဲပေးခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်မဲခွဲမှုတွေရဲ့ထုံးစံအတိုင်း အဆိုတစ်ခုအောင်မြင်ဖို့ မဲ(၃)ပုံ(၂)ပုံ (၁၄ မဲ)အထိအလိုရှိပေမယ့် အခုမဲရလဒ်က (၁-၁၉)မဲဖြစ်ခဲ့တာကြောင့် VAR ကို ပယ်ဖျက်ဖို့ အလိုရှိနေတဲ့ ဝုလ်ဗ်အသင်းရဲ့ရည်မှန်းချက် ဆုံးရှုံးခဲ့ရပါတယ်။

မဲပေးတဲ့အသင်းတွေကို တရားဝင်ထုတ်ပြန်မှုတွေ မပြုလုပ်ပေမယ့် VAR ကို ကန့်ကွက်တဲ့တစ်မဲက ဝုလ်ဗ်အသင်းဆိုတာ သေချာကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ကလပ်အသင်းအများစုအနေနဲ့ VAR ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မကျေမနပ်နဲ့ အမြဲတစေ ဝေဖန်မှုတွေရှိခဲ့ပေမယ့် တကယ့်လက်တွေ့ VAR ကို ပယ်ဖျက်ဖို့အရေးမှာတော့ လက်မခံဘဲ VAR ဆက်လက်ကျင့်သုံးဖို့ ဆန္ဒရှိနေကြတာကို တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ နောက်ရာသီတွေမှာ VAR ကို အသုံးပြုတဲ့အခါ ဒီစနစ်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ဖို့နဲ့ အားနည်းချက်အချို့ကို ပြင်ဆင်ဖို့ ဒီအစည်းအဝေးမှာ တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ semi-automated offside technology စနစ်ကို စတင်အသုံးပြုသွားမှာဖြစ်ပြီး ဒီစနစ်ကြောင့် လူကျွံဘောတွေမှာ VAR ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေ လျော့ပါးသွားမယ်လိုလည်း တာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *