ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်ပရိသတ်တွေအတွက် ပြဿနာဖြစ်လာမယ့် ဆားဘီးယားပရိသတ်

0

အင်္ဂလန်လက်ရွေးစင်အသင်းက ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲမှာ ဆားဘီးယားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ဇွန်လ(၁၆)ရက်နေ့မှာ ကစားမယ့် အုပ်စု(C)အဖွင့်ပွဲဖြစ်တဲ့ ဒီပွဲက အင်္ဂလန်အသင်းအတွက် ကမ္ဘာ့အဆင့်(၂၉)ဆင့်တောင်ကွာတဲ့အသင်းနဲ့ကစားရမှာဖြစ်လို့ (အင်္ဂလန်က အဆင့် ၄၊ ဆားဘီးယားက အဆင့် ၃၃)
သိပ်ပြဿနာမရှိနိုင်ဘူးလို့ မျှော်လင့်ရပါတယ်။

ကွင်းထဲမှာ ပြဿနာမရှိနိုင်ပေမယ့် ကွင်းပြင်နဲ့ ပွဲကြည့်စင်ပေါ်မှာတော့ ဆားဘီးယားပရိသတ်တွေက အင်္ဂလန်ပရိသတ်တွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာနိုင်ပါတယ်။

ဆားဘီးယားပရိသတ်ဆိုတာ ဒီလို နိုင်ငံတကာပြိုင်ပွဲတွေမှာ ကြီးမားတဲ့ပြဿနာဖန်တီးတတ်သူတွေအဖြစ် ထင်ရှားသူတွေပါ။ ယူရို-၂၀၁၂ ခြေစစ်ပွဲအဖြစ် အီတလီနဲ့ ကစားခဲ့တုန်းက ဆားဘီးယားပရိသတ်တွေရဲ့တရားလွန်သောင်းကျန်းမှုကြောင့် ပွဲကိုပါ ဖျက်လိုက်ရတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘရာဇီးလ်နဲ့ပွဲမှာ ကွင်းအတွင်းပွဲကြည့်စင်ပေါ်မှာ ဘရာဇီးလ်ပရိသတ်တွေကို တိုက်ခိုက်ခဲ့ကြတယ်။

အခု Daily Mail သတင်းစာက သတင်းထောက် ဒေးဗစ်ဝစ်လ်စ်က ဆားဘီးယားနိုင်ငံထဲအထိ သွားပြီး ဆားဘီးယားပြည်တွင်းပွဲစဉ်တွေမှာ ဆားဘီးယားပရိသတ်တွေရဲ့သောင်းကျန်းမှုကို အနီးကပ်သတင်းယူခဲ့ရာမှာ အရင်ကထက်တောင် ကြမ်းရမ်းနေတဲ့ပရိသတ်တွေရဲ့လုပ်ရပ်တွေကို တွေ့ခဲ့ရပါတယ်။

ရုရှားသမ္မတပူတင်ကိုထောက်ခံအားပေးနေတဲ့ Delije – ‘strong boys’ လို့အမည်ရတဲ့ ဆားဘီးယားအစွန်းရောက် ပရိသတ်တွေအနေနဲ့ ပြိုင်ဘက်ပရိသတ်တွေကို အမြဲတစေ ပြဿနာရှာ ရန်ပြုတတ်ကြပြီး မနှစ်ကလည်း ရက်စတားဘဲဂရိတ်အသင်းနဲ့ မန်စီးတီးအသင်း ချန်ပီယံလိဂ်ပွဲကစားတော့ မန်စီးတီးပရိသတ်တွေကို လက်နက်တွေကိုင်ဆောင်ထားတဲ့ Delije – ‘strong boys’ Ultra အစွန်းရောက်ပရိသတ်တွေက ရန်ရှာခဲ့ဖူးပါတယ်။

ယူရို-၂၀၂၄ပြိုင်ပွဲ ကျင်းပရာ ဂျာမနီနိုင်ငံကို ဆားဘီးယားပရိသတ်(၁၀၀၀၀)လောက် ရောက်ရှိလာမယ်လို့ တာဝန်ရှိသူတွေ့ ခန့်မှန်းထားပြီး ဒီထဲမှာ အစွန်းရောက်ပရိသတ်က (၃၀၀၀)ကျော်လောက်ရှိနိုင်ကြောင်း သိရပါတယ်။

ဒါကြောင့် အင်္ဂလန်နဲ့ ဆားဘီးယားကစားမယ့်ပွဲအတွက် ဂျာမန်ရဲတပ်ဖွဲ့တွေက သတိပေးစာတွေထုတ်ပြန်ထားပြီး လက်နက်သယ်ဆောင်လာတာကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ကိုလည်း ထိပ်တန်းတာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *